Friday, June 15, 2007

သတင်းအဖွင့်

ဘလော့ဂ်ဂါ သူငယ်ချင်းတွေကို ကျွန်တော် ဖတ်ဖူးသမျှတွေထဲက ဝေမျှလိုတာကတော့ သတင်းတွေ၊ ဆောင်းပါး တွေထဲမှာ ရေးသားလေ့ရှိတဲ့ သတင်းအဖွင့် နမူနာပုံစံများ ဖြစ်ပါတယ်။ အဲဒီ သတင်း အဖွင့်နမူနာပုံစံ တွေကို သတင်းစာ ဆရာကြီး ဦးညိုမြ ပို့ချချက်- ဂျာနယ်ကျော်တင့်ဆွေရဲ့ သတင်းစာ အခြေခံပညာ စာအုပ်မှာ ရေးသား ဖော်ပြထားလို့ ကျွန်တော် မှတ်စုထဲမှာ ရေးမှတ်ထားတာ ဖြစ်ပါတယ်။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ဘလော့ဂ် သတင်းတွေ ရေးသားရာမှာ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

သတင်းအဖွင့်

သတင်းခြေဆင်းဟု ယေဘုယျ သတ်မှတ်ထားသည်။ သတင်းအဖွင့်တွင် အဆီအနှစ်များကို ရေးရသည်။ ဒုတိယ-အကိုင်းအခက်သတင်း၊ တတိယ - သတင်းအသေးစိတ်ကို ချယ်မှုန်း၍ ရေးသားရသည်။ သတင်းအဖွင့်သည် အရေးကြီးသည် အလျောက် အောက်ပါ သတင်းရေးနည်းများ ဖြစ်ပေါ်လာသည် -

(၁) သံမှိုနှက်အဖွင့် (Punch Lead)

(၂) သရုပ်ဖော်အဖွင့် (Picture Lead)

(၃) ဆန့်ကျင်ဘက်နှိုင်းယှဉ်အဖွင့် (Contrast Lead)

(၄) မေးခွန်းအဖွင့် (Question Lead)

(၅) နောက်ကျောခံအဖွင့် (Background Lead)

(၆) ကောက်နှုတ်ချက်ကိုးကားအဖွင့် (Quotation Lead)

(၇) မူသစ်ထွင်အဖွင့် (Freak Lead)

သံမှိုနှက်အဖွင့် - (အကောင်းဆုံးလှုပ်ရှားမှုကို ထိပ်ပေါ်တင် ရေးသည်။ )

ဥပမာ - မှောင်သော ညတစ်ည၌ ဒိန်းကနဲ ပေါ်ထွက်လာသော သေနတ်သံ၊ ပွင့်သွားသော ယမ်းမီးခိုးများ အကြား ဗိုလ်ထွန်းဝင်းသည် မကြင်စိန် လက်ချက်ကြောင့် ကွယ်လွန်ခဲ့ရ လေသည်။

သရုပ်ဖော်အဖွင့်- (မျက်စိထဲတွင် ရုပ်ရှင်သဖွယ် ထင်မြင်လာအောင် ရေးသည်။ )

ဥပမာ - တရှိုက်ရှိုက် ငိုကြွေးရာမှ လက်ကိုင်ပုဝါ အစိမ်းရောင်လေးဖြင့် မကြာခဏ မိမိမျက်နှာကို သုတ်ကာ လုံးကြီး ပေါက်လှ ဇာတ်သူမှ မကြင်စိန်လေးသည် ။

ဆန့်ကျင်ဘက်နှိုင်းယှဉ်အဖွင့် - (ထိုသတင်း အဖြစ်အပျက်ကို ရှေးဟောင်းသဏ္ဍာန်နှင့် နှိုင်းယှဉ်ရေးသည် )

ဥပမာ - လုံးကြီးပေါက်လှ ဇာတ်သမ မကြင်စိန်သည် ယခင်အခါများ၌ ဘုရားပွဲ၊ ကျောင်းပွဲများတွင် မူယာမာယာ ကြာမူဟန် ပါပါနှင့် ပျော်ရွင်စွာ ကပြခဲ့ရာမှ ယခုအခါ ၄င်းကို သေဒဏ်ပေးမည့် ရုံးမင်းနှင့် ပရိသတ်ရှေ့ဝယ် တငိုငို ဖြစ်လျက် အမှုကို ရင်ဆိုင် နေရရှာ၏ ။

မေးခွန်းအဖွင့် - (သတင်းဖြစ်ပျက်သော အကြောင်းအရာ မရေးမီ ထိုအဖြစ်အပျက်နှင့် စပ်လျဉ်းသော စိတ်ဒွိဟ ဖြစ်စရာ မေးခွန်းနှင့် ရေးသည်။ )

ဥပမာ - ဗိုလ်ထွန်းဝင်းကို ပစ်သတ်သော သေနတ်သံကြီး မပေါ်မီ မကြင်စိန်၏ အိမ်ခန်းအတွင်းက မီးခွက်ကို ဘယ်သူမှုတ်လိုက်သနည်း။

ကိုးကားအဖွင့် - (သတင်း အဖြစ်အပျက်တွင် ပါသော ကာယကံရှင် တစ်ဦးဦး၏ အရေးကြီးသော စကားကိုပြရင်း ကိုးကားအဖွင့်ရေးသည်။ )

ဥပမာ - ``ကျွန်မ သူ့ကို မသတ်ပါ။ ဗိုလ်ထွန်းဝင်းကို ကျွန်မ အလွန်ချစ်ပါသည်။ ကျွန်မတို့ လက်ထပ်ရန် စီစဉ်ပြီး ဖြစ်ပါသည်။ `` ဟု ငိုယိုရင်း အစစ်ဆေးခံ နေသော မကြင်စိန်ကို .......

နောက်ကျောအဖွင့် - (အချင်းဖြစ်ပွားသော နေရာသည် အကယ်၍ ထင်ရှားသော နေရာ ဖြစ်ပါက ထိုနေရာကို ကျော်ထောက် နောက်ခံ ပြု၍ ရေးသည်။ )

ဥပမာ - ဧည့်သည် ပရိသတ်အပေါင်း ၂၀၀ ကျော်တို့ ဒင်းကြမ်းပြည့်လျက် လူတိုင်း ခြေဖျားထောက်ကာ မကြင်စိန်၏ မပွင့်တပွင့်အသံကို နားထောင်ကြသော အမှုကြီး ယမန်နေ့က ရန်ကုန်မြို့ အရေးပိုင်မင်းရုံး ......

မူသစ်အဖွင့် - (ရေးရိုးရေးနည်းမဟုတ် စာဖတ်သူအား တစ်မျိုးတစ်ဖုံ ဖြစ်သွားအောင် ရေးသည်။ အခက်အခဲများ သော ရေးနည်း ဖြစ်၏ ။ )

ဥပမာ - မကြင်စိန်သည် ယမန်နေ့က ၄င်း၏ နောက်ဆုံး ပွဲကြည့်ပရိသတ်ရှေ့၌ အစွမ်းကုန် ကြိုးစား အသုံးတော် ခံရှာလေသည်။ ခါတိုင်း၌မူ ဆုတော်ငွေ ရွှေတံဆိပ်များကို မျှော်မှန်းကာ ကပြခဲ့သော်လည်း ယခုမူ ၄င်း၏ အသက်ရှင်ရေး ဆုထူးကြီးအတွက် အစွမ်းကုန် ကြိုးစား ကာကွယ် ထုချေချက် ပေးနေရရှာ၏ ။

No comments: